သစ်ရွက်တို့လေမှာ ၀ဲ၍
ပျံ့ကြဲကျလာသောအခါတိုင်း
မျက်ရည်တွေအ၀ိုင်းသားနဲ့ . . . ။
လေပြေညှင်းတို့ သာယာစွာ
ရိုက်ခတ်နေပေမဲ့
ခတ်ထန်တဲ့ ရှူရှိုက်မှုတွေ
နှလုံးသားဝဲယာမှာ . . .။
မြစ်ပြင်ကျယ်ကြီးက
ဟိုဘက်မှာကမ်းရှိပေမဲ့
ဇာတ်လမ်းမရှိတော့တဲ့
ဘ၀ရဲ့ခံစားချက်တစ်ချို့ . . .။
အေးမြတဲ့ လရောင်တွေ
အရှိန်အ၀ါမဲ့သွားတဲ့နေ့
မတွေ့ချင်တော့တဲ့
မျက်ဝန်းတစ်စုံ
ထူးခြားစွာ
အရောင်တွေတောက်ပနေခဲ့တယ်။
မရောက်သေးတဲ့
မနက်ဖြန်အတွက်
အားမာန်တွေထပ်ဖြည့်ဖို့ကြိုးစားရင်း
ပြင်းပြတဲ့ ခံစားမှုတွေလဲ
ပျောက်ကွယ်လုအချိန် . . .။
အလှတွေဆင်ထားတဲ့ ပန်းသခင်တွေက
စာစောင်တစ်ချို့ကို
သယ်ဆောင်လာခဲ့တယ်။
ဂရုဏာသက်စွာ
ကြည့်နေပေမဲ့
မျက်ရည်တွေစိုရွဲလို့ . . . ။
ဘာဖြစ်လို့ ကိုယ်အသက်ကို
ကိုယ်တိုင်ပြန်မြင်နေရတာပါလိမ့်။
ပန်းစည်းတွေကြားမှာ
တွေ့လိုက်ရတဲ့ စာသား
ထိတ်လန့်စရာကောင်းသလို
ခြောက်ခြားဖို့ဖြစ်နေခဲ့တယ်။
ဘာတဲ့။
``ကွယ်လွန်သူ´´
( မောင် - - - - -- )
အသက် ( ၂၅ ) ဆိုပါလား။
ဘုရား ဘုရား ဒါဆို
ငါ . . .ငါ . . . ငါ . . .။
No comments:
Post a Comment