Wednesday, May 30, 2012

ရှင်သန်ခြင်း ဖြစ်စဉ်



ဝေခွဲမရတဲ့ ဆုံးဖြတ်ချက်တွေနဲ့
လျှောက်လှမ်းနေခဲ့ရတော့
ဘ၀ရဲ့ပိုင်ဆိုင်မှုတွေဟာ
နေ၀င်ခါနီးအချိန်တောင်ရောက်ခဲ့ပြီပေါ့။

ဘာတွေကို ရည်ရွယ်မှန်းမသိပေမဲ့
တစ်ခုခုကို လုပ်နေမိခဲ့တယ်။

အဖြေရှိပေမဲ့ အဖြေညှိဖို့ခက်နေတယ်။

ခံစားချက်တွေရဲ့ထိမ်းချုပ်မှုအောက်မှာ
အမှားတွေသာ နေရာယူခဲ့ကြတယ်။

ယုံကြည်ချက်ဆိုတာကိုဘဲ
ရှေ့တန်းတင်ပြီး ပန်းတိုင်ရှိရာကို
မှန်းဆလို့ ထွက်ခွါနေတယ်လို့ဆိုရမလား။

အမှားထဲက အမှားဆိုတာ
မြင်နိုင်ပါရက်နဲ့ ပြင်ဘို့ခက်နေတယ်။

ဖွင့်လက်စ ဓာတ်ပြားတစ်ချက်ရဲ့
ကွဲအက်တဲ့ သံစဉ်တွေကြားမှာ
ငြီးငွေ့စွာလျှောက်လှမ်းရင်း
ဘ၀တစ်ခုကိုအဆုံးသတ်ဖို့အတွက်
ဘ၀တစ်ခုကို မွေးဖွားခဲ့ရပါပြီ။

ရှင်သန်ခြင်းတွေရဲ့ အဆုံးသတ်မှာ
ပျော်ရွှင်စွာ နှုတ်ဆက်နိုင်ပါစေ။

Wednesday, May 23, 2012

နှလုံးသားကောက်ကြောင်း



အေးစက်နေတဲ့ ကော်ဖီတစ်ခွက်နဲ့
မီးလောင်ထားတဲ့ သစ်ငုတ်တိုပေါ်မှာ
ဖက်ကြမ်းဆေးပေါလိပ်ကိုဖွာရှိုက်ရင်း
ကာရန်မဲ့တဲ့ကဗျာတစ်ပုဒ်ကို
သံစဉ်တစ်ချို့နဲ့ရောစပ်ပြီးတော့
တေးသွားတစ်ခုအဖြစ်သီဆိုနေခဲ့မိတယ်။

မညီမညာတိုက်ခတ်လာတဲ့ လေပြေလေးတွေက
လှောင်ရယ်သံတွေနဲ့ အတူ အားပေးနေခဲ့တယ်။

ဘ၀ရဲ့ခါးသီးမှုတွေကို ကော်ဖီအဖြစ်ဖန်တီးလိုက်တယ်။
ရင်ဆိုင်နေရတဲ့ ဒုက္ခပေါင်းစုံက သစ်ငုတ်တိုဖြစ်လို့ပေါ့။
နာကျည်းမှုတွေကို ဆေးလိပ်ထဲမှာ ထည့်ဖွာကြည့်မယ်။

ချစ်သူမျက်ဝန်းက မုန်းတီးမှုတွေကို
မီးတောက်တစ်ခုအဖြစ် အသုံးချလိုက်မယ်။

အဲဒီအချိန်မှာ ရင်ခုန်သံတွေတိတ်ဆိတ်နေမယ်။

မထင်မှတ်ဘဲ ကောင်းကင်ကြီးဆီက
အပြုံးတစ်ခုထွက်ကျလာလိမ့်မယ်။

ဒါဟာ ငါ့အတွက်တော့ အားဆေးတစ်ခွက်ပေါ့။

ပရိသတ်မရှိတော့ပေမဲ့ ဖျော်ဖြေနေတဲ့ အရသာက
ငါ့အတွက်တော့ ကဗျာတစ်ပုဒ်ရေးရသလိုပါဘဲ။

ရင်ထဲက သံစဉ်တွေ ဖြာကျလာတာ
တစ်ချို့သူတွေအတွက် ဟာသတွေ ဖြစ်နေမဲ့
ရေးခဲ့တဲ့ငါဟာ ခံစားချက် ဗလပွနဲ့ပါ။

သံယောဇဉ်တွေကို ဂဏန်းတပ်
မခံစားတတ်တဲ့သူတွေ ဒဏ်သင့်နေလိမ့်မယ်။

ကျိန်စာတွေ ပြယ်သွားတဲ့တစ်နေ့
သံစဉ်တွေမေ့နေခဲ့ရင်
မိတ်ဆွေ  - - - - - - - - -  ။

`` သင့် နှလုံးသား ဘယ်သောအခါမှ ရှင်သန်မှာမဟုတ်´´

အချိန်မှီပြင်ထားပေးပါ



တိမ်တိုက်တစ်ချို့ရဲ့ လွဲမှားမှုကြောင့်
သစ်ပင်ငယ်တစ်ချို့သေဆုံးရဖူးတယ်။
ေ၀၀ါးနေတဲ့ ဆုံးဖြတ်မှုတွေကို
အချိန်မှီ ပြင်ထားပေးကြပါ။
တို့တွေဟာ သက်ရှိတွေဆိုတာကို
ဘယ်တော့မှ မမေ့လိုက်ပါနဲ့။

မှားယွင်းတဲ့ ကုသချက်တစ်ခုကြောင့်
အသက်တွေ ပျောက်ဆုံးခဲ့ရတယ်။
မရေရာမှုတွေကို အချိန်မှီပြင်ထားပေးပါ။
တို့တွေက အစမ်းသတ်ခံတွေမဟုတ်ဘူးဆိုတာ
အမြဲတမ်း သတိရပေးဖို့ တောင်းဆိုပါတယ်။

လွဲမှားတဲ့ စီရင်ချက်တွေကြောင့်
ဘ၀တွေ နစ်နာခဲ့ရပေါင်းများနေပါပြီ။
မကျေနပ်မှုတွေကို တာဆီးပေးကြပါ။
တို့တွေမှာ လွတ်လပ်ခွင့်ကိုယ်စီရှိတယ်ဆိုတာ
ဖုံးကွယ်ထားလို့ မရတော့ပါဘူး။

ဘ၀ထဲက ဘ၀တစ်ခုပါဘဲ။
သမိုင်းထင်ကျန်တာတွေကောင်းအောင်
အမြင်စောင်းနေလို့မရတော့ဘူးလေ။

မကောင်းတဲ့ အိပ်မက်တွေ မမက်ပေမဲ့
လန့်နိုးလို့နေတဲ့ ညတွေကိုကျော်ဖြတ်နိုင်ဘို့
ခွန်အားတို့ စုစည်းထားကြပါ။

ကျော်တက်လို့မရသေးပေမဲ့
ကျော်ဖြတ်လို့ရတာတွေကို
ဦးစားပေးထားလိုက်တော့လား။

အချိန်သည် လူကိုစားနေသည်ကို
သတိပြုကြပါတော့။

Saturday, May 19, 2012

တိုင်တည်မိပါသည်



အနမ်းတွေချွေခဲ့ဖူးတဲ့ ပါးပြင်ထက်
မျက်ရည်စက်တို့ မကျရောက်စေချင်ပါ။

အပြုံးတွေ ဝေဆာနေတဲ့ မျက်ဝန်းထက်မှာ
ဒေါသအမျက်တို့လဲ မကိန်းစေချင်ပါ။

ဖော်ရွေတတ်တဲ့ နှုတ်ခမ်းထက်မှာလဲ
နုညံတဲ့ သံစဉ်တွေဘဲ ရှိနေစေချင်ပါတယ်။

ချစ်သူရဲ့ ပြည့်စုံလွန်းတဲ့ အလှတရားတွေနဲ့
မျောလွင့်လာတဲ့ ကိုယ်ရဲ့ ရင်ခုန်သံတွေ
တကယ်လို့များ ပေါင်းစပ်မိသွားခဲ့ရင်
ပျော်ရွှင်စရာကောင်းတဲ့ ကမ္ဘာလေးတစ်ခု
ဖန်တီးလို့ရမယ်လို့ ကိုယ်ထင်ခဲ့ပေမဲ့ - - -

ခုတော့  . . . . . .

ပါးပြင်ထက်က မျက်ရည်စက်တို့
မကျေနပ်တဲ့ ဒေါသအမျက်တို့
မသိမ်မွေ့တော့တဲ့ သံစဉ်တို့
ပေါင်းစပ်ခဲ့မိတဲ့အတွက်
အိပ်မက်ကမ္ဘာလေး ပျက်ခဲ့ရရှာပြီ။

အချစ်၏စွမ်းအားတို့သည်
ဝေးကွာခြင်းထက် ပေါင်းစပ်မှုကို
အမှန်တကယ်ပင် ဖြစ်စေခဲ့ရင်

မျက်ရည်တွေခန်းခြောက်၍
အပြုံးပန်းတို့ ရောက်စေသတည်း။

Wednesday, May 16, 2012

မင်း နဲ့ ငါ



မင်း နဲ့ ငါ
အတ္တမပါတဲ့ အချိန်တွေမှာ
ပျော်ရွှင်စရာတကယ်ကောင်းခဲ့တယ်။

မင်း နဲ့ ငါ
ယုံကြည်စွာလျှောက်လှမ်းဖို့
စိတ်ကူးတစ်ချို့နဲ့ ပြောခဲ့ဘူးတယ်။

မင်း နဲ့ ငါ
ရှင်သန်ပေါက်ဖွားရာမတူလို့
နှစ်သိမ့်ဖို့ ကြိုးစားခဲ့ဘူးတယ်။

မင်း နဲ့ ငါ
ကြင်နာစွာ ပွေ့ဖက်ဖူးလို့
ခံစားမှုတစ်ချို့ကို စွဲလမ်းဘူးတယ်။

မင်း နဲ့ ငါ
ကြည်နူးစရာတစ်ချို့နဲ့
ဝမ်းနည်းဖို့ မေ့နေခဲ့ဘူးတယ်။

အချိန်တွေရှိနေသ၍
မင်း ကို ငါ မမေ့သလို
ငါ့ ကို မင်း သတိရခဲ့ရင် . . .

မင်း နဲ့ ငါ
ကမ္ဘာတည်သရွေ့
သံစဉ်တစ်ချို့ကို
ပြိုင်တူရွတ်ကြမယ်။

`` အရမ်း ချစ်တယ်´´

Friday, May 11, 2012

ဘ၀နေ၀င်ချိန်



သစ်ရွက်တို့လေမှာ ၀ဲ၍
ပျံ့ကြဲကျလာသောအခါတိုင်း
မျက်ရည်တွေအ၀ိုင်းသားနဲ့  . . . ။

လေပြေညှင်းတို့ သာယာစွာ ရိုက်ခတ်နေပေမဲ့
ခတ်ထန်တဲ့ ရှူရှိုက်မှုတွေ နှလုံးသားဝဲယာမှာ  . . .။

မြစ်ပြင်ကျယ်ကြီးက ဟိုဘက်မှာကမ်းရှိပေမဲ့
ဇာတ်လမ်းမရှိတော့တဲ့ ဘ၀ရဲ့ခံစားချက်တစ်ချို့  . . .။

အေးမြတဲ့ လရောင်တွေ အရှိန်အ၀ါမဲ့သွားတဲ့နေ့
မတွေ့ချင်တော့တဲ့ မျက်ဝန်းတစ်စုံ
ထူးခြားစွာ အရောင်တွေတောက်ပနေခဲ့တယ်။

မရောက်သေးတဲ့ မနက်ဖြန်အတွက်
အားမာန်တွေထပ်ဖြည့်ဖို့ကြိုးစားရင်း
ပြင်းပြတဲ့ ခံစားမှုတွေလဲ ပျောက်ကွယ်လုအချိန် . . .။

အလှတွေဆင်ထားတဲ့ ပန်းသခင်တွေက
စာစောင်တစ်ချို့ကို သယ်ဆောင်လာခဲ့တယ်။

ဂရုဏာသက်စွာ ကြည့်နေပေမဲ့
မျက်ရည်တွေစိုရွဲလို့  . . . ။

ဘာဖြစ်လို့ ကိုယ်အသက်ကို
ကိုယ်တိုင်ပြန်မြင်နေရတာပါလိမ့်။

ပန်းစည်းတွေကြားမှာ တွေ့လိုက်ရတဲ့ စာသား
ထိတ်လန့်စရာကောင်းသလို
ခြောက်ခြားဖို့ဖြစ်နေခဲ့တယ်။

ဘာတဲ့။
``ကွယ်လွန်သူ´´
( မောင် - - - - --  )
အသက် ( ၂၅ ) ဆိုပါလား။

ဘုရား ဘုရား ဒါဆို ငါ  . . .ငါ . . . ငါ  . . .။

Tuesday, May 1, 2012

စိတ္တဇပန်းချီရေးဆွဲခြင်း အမှတ်တရ အပိုဒ် ( ၈ )



မထူးဆန်းတော့တဲ့ ဇာတ်လမ်းထဲမှာ
အခြေနေတစ်ခု ဘယ်လိုပြောင်းလဲခဲ့တာပါလိမ့်။

မထင်မှတ်ထားခဲ့လို့ အံ့သြရပေမဲ့
ပြန်ပြောရရင်တော့ ခက်သားလားနော်။

ငါခူးထားတဲ့ ပန်းတစ်ပွင့်
လေမှာလွင့်ခဲ့တာမဟုတ်မှန်းသိပါတယ်။

အကြွေပန်းမကြိုက်လို့ ချွေနမ်းရှိုက်တာကို
မလိုသူတွေက ဖျက်ဆီးတာလား။

လေသင့်ရာကိုပါတာဆိုရင်
ဦးတည်ချက်က မဲ့နေမှာပေါ့။

ခုတော့ -  -  -  ခုတော့ -  -  -
လေလဲမတိုက်ဘဲ ပြောင်းလဲသွားခဲ့တာနော်။

သြော်   -  -  - ပန်းလေးရယ်။
ခွင့်မပေးဘဲ ခူးခဲ့မိလို့ ကျိန်စာသင့်ခံရတာဆိုရင်
ကိုယ့်ရင်ခွင် နှလုံးသားကြားမှာ
ပန်းများစွာစိုက်ပျိုးပြီး
ကုစားလိုက်ပါတော့မယ်။

ပွင့်သော ပန်းတိုင်းလန်းပါစေ ။
လန်းသော ပန်းတိုင်း မွှေးပါစေ။