Sunday, November 18, 2012

အွန်လိုင်းသူလေး ... သို့



`ဟလို´ ဆိုလဲ ပြန်မဟိုင်း ၊ အွန်လိုင်းတက်တိုင်းတွေ့သူရယ်။
ကိုယ့်ရဲ့ profile မှာ ၊ အလုပ်အကိုင်မတွေ့လို့ စိမ်းတာလား။

( ဒါမှမဟုတ် … … … … )
ချစ်စရာရုပ်အသွင်နဲ့ ၊ ကိုယ့်ရုပ်မြင်ရမှ ခင်မှာလားဟင်။

( ကိုယ့်ဓာတ်ပုံကိုတော့လေ )
like လုပ်သူ အလွန်နည်းလို့ ၊မတင်ရဲတာ ခွင့်လွတ်ပါနော်။

( ဒါပေမဲ့ကွာ  … … … … )
မင်း post တင်တာ ဘာကိုမဆို ၊ အမြဲလိုလို like လုပ်ပါတယ်။

( နောက်ဆုံးမှာ )
မင်းနဲ့များခင်ရမလား ထင်ပြီး ၊ မင်းတင်ခဲ့ပြီးတဲ့ post တိုင်းမှာလဲ၊
အဆင်ပြေသလို comment ပေးပါသေးတယ်။

အသည်းပဲ မရှိလေသလား ၊ ပဲများ ပိနေတာလား။
မသိတတ်တော့ပါဘူး။ ဒီတော့ကွာ …. …. …
Block သွားမှာ ဆိုးတဲ့အတွက် ၊ ဒီထက်လဲ ပိုမပြောရဲတော့ပါဘူး။

အခွင့်ရှိက ၊ ခင်ပါရစေလို့တော့ တောင်းဆိုပါတယ်။

chat box မှာ massage တက်လာမဲ့နေ့အတွက်၊
ကိုယ့်ဘက်မှာ connection အတက်ဆုံးအချိန်ဖြစ်ပါစေလို့ - -
ဆုတောင်းရင်း   ….. ….. …. ….. …… …… ။

( စိတ်ကူးပေါက်လို့လျှောက်ရေးတာနော်။ အတည်ဟုတ်ဘူး )

Friday, November 16, 2012

သံယောဇဉ် ထိုကြိုး



သံယောဇဉ် အမျှင်တစ်ခုဆိုပေမဲ့
ရင်ခွင်တစ်ခုကို ကိုယ်စားပြုတာပါ။

မင်းနဲ့ကိုယ့်ရဲ့
သေသပ်လှပတဲ့ ချစ်ကမ္ဘာငယ်လေးကို
သူတစ်ခုတည်းနဲ့ တည်ဆောက်ထားတာလေ။

ကိုယ့်ရင်ထဲက ခံစားချက်တွေကို
ဒီသံယောဇဉ်ကြိုးတန်းလေးကဖန်တီးပေးသလို
မင်းရဲ့လိုအင်ဆန္ဒတွေကိုလဲ
သူ့ဆီကပဲ တဆင့်သိရတာပေါ့။

ချစ်သူရယ်
တစ်ခါတစ်ခါဆို
မင်းကို နာကြည်းဖူးတာတွေရှိခဲ့တယ်။

အဲဒီအခါမှာ
ဒီသံယောဇဉ်ရဲ့နှောင့်ဖွဲ့မှုတွေဟာ
ဒဏ်ရာတွေ မမြင်ရပေမဲ့
နာကြဉ်တဲ့ဝေဒနာတွေက
ခံစားရခက်လိုက်တာကွယ်။

ချစ်သူရယ်
ချစ်သူနဲ့ကိုယ်
အကြင်နာတွေပိုလို့ချစ်ကြမယ်နော်။

ရင်ထဲကဝေဒနာတွေအတွက်
သံယောဇဉ် ဆေးတစ်စက်တော့
ပက်ဖြန်းပေးပါလား။
တစ်သက်တာထာဝရ
ပြည့်ဝတဲ့ချစ်ခြင်းတွေနဲ့ပေါ့။

Sunday, August 26, 2012

ကဗျာချစ်တဲ့လူ


ခေါင်းမထူနိုင်အောင် မူးနောက်နေခဲ့တယ်။
တစ်ခွက်ပြီး တစ်ခွက် အဆက်မပြတ်သောက်ခဲ့တယ်။
မူးသလားမေးတယ်။ အင်း  . . . . မူးသလိုလိုဘဲ။ ဒါပေမဲ့
သူ့ကိုတော့ မေ့လို့မရသေးဘူးလို့ ဖြေလိုက်တယ်။

ရင်ဘတ်တစ်ခုလုံး ပွင့်ထွက်လုမတက်
ခံစားချက်တို့ နေရာယူခဲ့ကြတယ်။

ချစ်ခဲ့မိတာတော့ မမှားဘူးဆိုပေမဲ့
နားလည်မှုတွေ မပေးနိုင်ခဲ့တာက
ဘယ်သူ့အားနည်းချက်ဖြစ်မလဲ။

ကြိုတင်တွက်ချက်မထားဘဲနဲ့
ရင်ခုန်ခြင်းတွေနဲ့ စပြီးချစ်ခဲ့တာပါ။

ဒီလိုသာ ဝေးရမယ်မှန်းသိခဲ့ရင်
သေချာပြင်ဆင်ထားမှာပေါ့။

အခုတော့ ငါချစ်တဲ့ကဗျာတွေအတွက်
မျက်နှာပျက်ခဲ့ရပြီလေ . . . .။

နှလုံးသားထဲက ချစ်စရာကဗျာတွေအစား
အလွမ်းဘွဲ့တွေကပဲ နေရာယူထားခဲ့ကြပြီ။

ဝမ်းနည်းစွာဘဲ နှုတ်ဆက်ခဲ့ပါတယ်။
ကြေကွဲဖွယ် အဖြစ်တွေ မကုန်သရွေ့
ကဗျာစပ်ဖို့ မေ့ထားလိုက်တော့မယ်။

(ပေါက်တတ်ကရ ခံစားချက်တို့ဖြင့်  . . . . . . )

Monday, August 6, 2012

ဒဏ်ရာတွေနဲ့ငါ


 တည်ငြိမ်နေတဲ့ နှလုံးသားထက်မှာ
ပြန်လည်ရိုက်ခတ်စေခဲ့သည်ကား
သူကြည့်ခဲ့တဲ့ မျက်ဝန်းတစ်စုံ။

ပေါက်ကွဲလုမတက် ခံစားချက်တို့ဖြင့်
အထိနာခဲ့တဲ့ နှလုံးသားဟာ
ယခင်ဒဏ်ရာတွေ ပျောက်ခါစမှာ
သူ့အပြုံးတွေကြောင့်
ပြန်လည်နိုးထလာခဲ့ပါပြီ။

နှလုံးသားရဲ့ ရင့်ကျက်တဲ့
လက္ခဏာကို မသိသေးတာလား ?
ဒါမှမဟုတ် . . .  မရှိသေးတာလား ?

ေ၀၀ါးတဲ့ဆုံးဖြတ်မှုတွေကြားမှာ
နစ်မြောသွားတဲ့ ခံစားချက်တစ်ချို့ဟာ
သာယာမှု အချို့ကို ကျေနပ်နေတာများလား ?

အချစ်ဆိုတာကို
ဖွင့်ဆိုချက် မှားယွင်းစွာ နားလည်မိတဲ့ငါ
နောက်တစ်ခါ အသည်းကွဲဖို့အတွက်
ခံစားချက်တို့ မြူးနေခဲ့တာထင်ပါတယ်။

တကယ်တော့လဲ  -
ငါ့နှလုံးသားဟာ
ဒဏ်ရာတွေနဲ့ ဆက်စပ်ထားခဲ့တာ
ဖြစ်ပါလိမ့်မယ်။
(အသက်ရှင်နေသရွေ့ ခံစားချက်တွေပွေ့ပိုက်ရင်းပေါ့)

Wednesday, August 1, 2012

ကဗျာများအတွက် ရှင်သန်ခြင်း


ခံစားမှု ရပ်ဝန်းကြားမှာ
မွေးဖွားလာတဲ့ သံစဉ်လေးတွေကို
ကဗျာတွေလို့ ခေါင်းစဉ်တပ်ခဲ့ကြတယ်။

ချစ်ခဲ့စဉ်ကလဲ ကဗျာတွေဘဲမွေးဖွားလာခဲ့တယ်။
မုန်းကြပြီဆိုတော့လဲ ကဗျာတွေဘဲ ရေးဖွဲ့တတ်ကြတယ်။

လှပတဲ့ စကားတွေကို သီကုံးရင်း
နှလုံးသားချင်း မိတ်ဖြစ်တဲ့အခါ
ကဗျာတွေဟာ အရေးပါခဲ့တယ်။

အလွမ်းတွေကို ဖော်ပြဖို့
ခံစားမှုတစ်ချို့ကိုလဲ
ကဗျာအဖြစ်နဲ့ ရေးစပ်ခဲ့ကြတယ်။

ရင်ထဲက ဘာတွေဘဲ ဖြစ်လာ ဖြစ်လာ
ကဗျာဟာ နေရာတကာပါခဲ့ပြီလေ။

အခုလဲ  . . . . . .
ငါပြောချင်တာတွေ ဖော်ပြဖို့အတွက်
ကဗျာတွေနဲ့ ပေါင်းစပ်လိုက်ပြန်ပြီ။

သြော်  . . . ငါ့ဘ၀မှာ
ကဗျာဟာလဲ သူမပါဘဲ မဖြစ်တော့ဘူးလေ။

ဒါ့ကြောင့်  . . . . . .
ငါချစ်တဲ့ ကဗျာတွေအတွက်
ငါဟာ ရှင်သန်လျှက်ရှိနေဆဲပါ။

Wednesday, July 11, 2012

ငါနဲ့ ငါ့ကဗျာ




ရင်ဘတ်ထဲက ကဗျာတစ်ပုဒ်
လှပစွာ မွေးထုတ်နိုင်ဘို့အတွက်
ခံစားချက်တွေကို စောင့်ကြည့်နေရတယ်။

အဓိပ္ပါယ်မပါ
အချည်းနှီးကဗျာတွေလို
ဘောလ်ပင် တစ်လက်နဲ့
တွေ့ကရ စာရွက်တွေမှာ
ထင်ရာတွေ ရေးထားတာမဟုတ်ဘူး။

ကဗျာချစ်သူတွေ သိပါတယ်။

ရင်ထဲက ဝေဒနာကို  လိုသလိုစာဖွဲ့
ငါရေးတဲ့ ကဗျာတွေ အတွက်
ရင်ဘတ်နဲ့ဖန်တီးခဲ့တယ်ဆိုတာ
ကျေးဇူးပြု၍ လက်ခံပေးပါ။

တစ်ခါ တစ်လေမှာ
နာကျည်းစရာတွေ ဖြေဖျောက်ဖို့အတွက်
ကဗျာတွေဟာ သိပ်ကို အစွမ်းထက်ပါတယ်။

တစ်ခါ တစ်လေမှာ
ချစ်နေတာတွေ ဖော်ပြဖို့အတွက်
တကယ်အသက် ၀င်ခဲ့ပါတယ်။

- - - - - - - - - - - - - ။

တကယ်ပါ။
ငါ့နှလုံးသွေးတစ်စက်ကို
ဆေးစစ်ချက်ယူခဲ့ရင်တောင်
( ၉၉ ) ရာခိုင်နှုန်းဟာ
ငါသိပ်ချစ်တဲ့ ကဗျာတွေဘဲဖြစ်ပါလိမ့်မယ်။